တာလေ ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလေမြို့စည်ပင်သာယာရေးဌာနတွင် ယနေ့ နံနက်ပိုင်းက “ပုခမ်း” တည်းခိုခန်းပိုင်ရှင် ဒေါ်နန်းပွဲမှ မြို့ရေပေးဝေရေးအတွက် ရေစုကန် တည်ဆောက်ရန် လိုအပ်သော မြေနေရာအား မြို့နယ်ခွဲစည်ပင်သာယာ ရေးဌာနသို့ ပေးအပ် လှူဒါန်းခဲ့သည်။
လှူဒါန်းပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုက အဖွင့်အမှာ စကား ပြောကြား ခဲ့ပြီး မြို့ရေလုံလောက်စွာရရှိရေးနှင့် ရေဂါလံ(၃၀၀၀၀) ဆန့် ရေစုကန် တည်ဆောက်ရန် မြေနေရာလှူဒါန်း ပေးသော “ပုခမ်း”တည်းခိုခန်းပိုင်ရှင် ဒေါ်နန်းပွဲသို့ မှတ်တမ်းတင် ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့ သည်။
“ တာလေမြို့ စည်ပင်သာယာရေးဌာနက ယခုလက်ရှိ ရေပေးဝေနေတဲ့ မြေနေရာ(၅၇ ပေ ၂၅ ပေ)ကို ရေစုကန်ဆောင်ရွက်ဖို့ ၂၀၀၂ ခုနှစ်မှာ လှူဒါန်းခဲ့ပါတယ် အခုတခါ အမှတ်(၃) ရပ်ကွက် ၊ ကောင်းကဲရပ်မှာရှိတဲ့ (၄၀ ပေ ၆၀ ပေ) ကိုတော့ ၁၉၉၉ ခုနှစ်၊ဖေဖော်ဝါရီလ ၂ ရက်မှာကွယ်လွန်သွားတဲ့ တာလေမြို့ ကြာကူနီပြည်သူ့စစ် ခေါင်းဆောင် (သူရဲကောင်း မှတ်တမ်းဝင်) ဦးကြာရှောကို ရည်စူးပြီး ကျန်ရစ်တဲ့မိသားစုက တာလေမြို့ရေလုံလောက်စွာ ပေးဝေရေးအတွက် ရေဂါလံ (၃၀၀၀၀) ဆန့်ရေစုကန် ဆောက်ဖို့ မြေနေရာကို လှူဒါန်းပေးခြင်း ဖြစ်တယ်လို့ “ပုခမ်း” တည်းခိုခန်းပိုင်ရှင် ဒေါ်နန်းပွဲ” ထံမှ သိရသည်။
ထို့နောက် တာလေ မြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှ မြို့ဦးစီးမှူး ဦးမနားရွှီးက ကျေးဇူး တင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)