တနင်္သာရီ၌ ငလျင်ဘေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးများ အမြန်ဆုံး ကယ်ဆယ်နိုင်ရန် လက်တွေ့ဇာတ်တိုက်လေ့ကျင့်

တနင်္သာရီ ဇန်နဝါရီ ၁၀

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း  ငလျင်ဘေးနှင့်အခြားသော သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါက ထိရောက်ဆုံးနှင့်အမြန်ဆုံး ကယ်ဆယ်ရေး လုပ်ငန်းများကို တုန့်ပြန်ဆောင်ရွက် ပေးနိုင်ရန် အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်  ဦးစီး၍ ပူးပေါင်းအဖွဲ့များဖြင့် ယနေ့ နံနက် ၉ နာရီမှစ၍ အထက-တနင်္သာရီကျောင်းဝင်းအတွင်း ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။

ယင်းသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့်ရှာ ဖွေကယ် ဆယ်ရေးတပ်ဖွဲ့ဝင် (၁၇) ဦး၊ မီးသတ်ရေယာဉ် (၂) စီး၊ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းဇော်ဦး နှင်တပ်ဖွဲ့ဝင် များ၊ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်အောင် ဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့ဝင် (၁၂) ဦး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်းနှင့် သုခရွှေရီကျန်းမာရေး အထောက်အကူပြု အသင်းမှ တာဝန်ခံ ဦးတင်ထွန်းနှင့်လူနာတင်ယာဉ်တစ်စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပါသော ပူးပေါင်းအဖွဲ့က အခင်းဖြစ်ပွါးရာ အထက-တနင်္သာရီကျောင်းဝင်း အတွင်းသို့မီးသတ်ယာဉ် (၂)စီးဖြင့် ရောက်ရှိ နေရာယူကြ၍ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ အားခင်းကျင်းခြင်း၊ ရွက်ဖျင်တဲပြင်ဆင်၍ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ခြင်းတို့ကို ချက်ခြင်း ပြင်ဆင်ဆောင် ရွက်ကြသည်။

ယင်းနောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ငလျင်ဘေးဖြစ်ပွါးသည့်အဆောက်အဦအတွင်း ပိတ် ဆို့ဖိမိ နေသူများကို လိုက်လံရှာဖွေကာ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုကာ ကယ်ထုတ်ပေး ကြပြီး ဒဏ်ရာရရှိ သူများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ် ကြက်ခြေနီ  တပ်ဖွဲ့ဝင်များက ယာယီကယ်ဆယ်ရေးစခန်းသို့ ဆက်လက်သယ်ဆောင်၍ လိုအပ်သည့် ရှေးဦးပြုစုခြင်းနှင့် အရေးပေါ်နှလုံးနှိုးဆွ အသက်ရှူအားကူနည်း (CPR) တို့ဖြင့် ပြုစုပေးပြီး သုခရွှေရီ ကျန်းမာရေးအ ထောက်အကူပြုအသင်းမ ှမော်‌တော်ယာဉ်ဖြင့် တင်ဆောင်၍ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခြင်းတို့ကို အချိန်တိုအတွင်း အလျင်အမြန် ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အလားတူ သဘာဝဘေးဖြစ်စဉ်ကြောင့် သစ်ပင်လဲကျ၍ ဖိမိပိတ်ဆို့နေသော လူနာတစ်ဦးအား ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့ဝင်များက သစ်ပင်အားလွှစက်ဖြင့် ဖြတ်တောက်ကာ ကယ်ထုတ်ပေးပြီး မြို့ နယ်ကြက်ခြေနီ တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက ထမ်းစင်ဖြင့်သယ်ဆောင်လျက် သုခရွှေရီကျန်းမာရေးအ ထောက်အကူပြု အသင်းမှ မော်‌တော်ယာဉ်ဖြင့် တင်ဆောင်၍ နီးစပ်ရာဆေးရုံဆေးခန်းသို့ အလျင်အမြန် ပို့ဆောင် ပေးခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း (ပြန်ဆက်)