နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့ အဟာရသုခဈေး ယာယီဈေးဆိုင်ခန်း ဆောင်ရွက်ထားရှိမှု လယ်ဝေးမြို့  H1 လမ်း ကွန်ကရစ်လမ်းခင်းကျင်းနေမှုနှင့် နေပြည်တော်ကောင်စီလမ်း နိုင်လွန်ကတ္တရာ (AC) ခင်းကျင်းနေမှုတို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယ‌မန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ပျဥ်းမနားမြို့နယ်၊ အာဟာရသုခဈေးသို့ သွားရောက်ပြီး မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဈေးဆိုင်ခန်းများအစား ယာယီဈေးဆိုင်ခန်း ဆောင်ရွက်ထားရှိမှုနှင့် ဈေးဆိုင်ခန်းအတွင်း ဈေးရောင်းချနေမှုအခြေအနေများကိုလည်းကောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့မှုများအား ဖယ်ရှားရှင်းလင်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ‌ဈေးအုပ်ချုပ်ရေးမှူးရုံး၌ တာဝန်ရှိသူများအား မီးလောင်မှုထပ်မံမဖြစ်ပွားစေရေး အလေးထားဂရုပြုဆောင်ရွက်ရန်၊ ဈေးဆိုင်ခန်းများ အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် ဈေးသူဈေးသားများအား တာဝန်ရှိသူများအနေဖြင့် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ဈေးအတွင်း ရေးစီးရေလာကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ယင်းနောက် ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့ H1 လမ်း (ရန်ကုန် - မန္တလေးလမ်းဟောင်းမှ မြို့ရှောင်လမ်းထိ) မူလ (၂၄)ပေအကျယ် နှစ်လမ်းသွား ကွန်ကရစ်လမ်းမှ (၄၈)ပေအကျယ် လေးလမ်းသွား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင် လူအင်အား၊ စက်ယန္တရားတိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိအောင် တည်ဆောက်ရေးတို့ကို မှာကြားခဲ့ပြီး အဆိုပါလမ်းအရှည် (၁ ဒသမ ၉၄၃)မိုင်အား ကုမ္ပဏီသုံးခုခွဲ၍ ဆောင်ရွက်လျက်ရှိပြီး ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ခုနစ်ဆယ့်ငါးရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

ထိုမှတစ်ဆင့်  နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်  နေပြည်တော်ကာင်စီလမ်း ဇမ္ဗူသီရိမြို့နယ် ဇီဇဝါပန်းအဝိုင်းမှ ဒက္ခိဏသီရိမြို့နယ်၊ ရွှေပြည်တော်ဝင်လမ်းအထိ နိုင်လွန်ကတ္တရာ (AC)  ခင်းကျင်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ရေရှည်ခိုင်ခံမှုရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အတွင်း အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ အသုံးပြုသွားရန်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)