မြောင်းမြ ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ပေးအပ်သည့် လူမှုရေးပင်စင်ထောက်ပံ့ကြေးများကို ယမန်နေ့ ညနေ ၄ နာရီက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးနော်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အသက်(၈၅)နှစ်အထက် ဘိုးဘွားများကို လစဉ်ပုံမှန်ကျပ်(၁ဝဝဝဝိ/-)နှုန်းဖြင့် (၃)လစာအတွက် (၃ဝဝဝဝိ/-)ကျပ်နှင့် အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွားများအား ပုံမှန်ထောက်ပံ့ကြေးအပြင် ကိုဗစ်ကာလ ထပ်ဆောင်း ထောက်ပံ့ကြေး အနေဖြင့် တစ်ဦးလျှင်(၃ဝဝဝဝိ/-)ကျပ်စီ ထောက်ပံပေးအပ်ခဲ့ကြောင်း၊ ယခု ထောက်ပံ့ခြင်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပထမအကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ မြောင်းမြခရိုင် အနေဖြင့် ဘိုးဘွား (၃၂၄၈)ဦးအတွက် ပုံမှန်ထောက်ပံ့ကြေး (၉၇၄၄ဝဝဝဝိ/-)ကျပ်နှင့် ကိုဗစ်ထပ်ဆောင်းငွေအဖြစ် အသက်(၁၀၀)နှစ် နှင့်အထက် ဘိုးဘွား (၃၁)ဦးအား ငွေကျပ်(၉၃ဝဝဝဝိ/-) ထပ်ဆောင်းထောက်ပံ့ ပေးနိုင်ခဲ့ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးနော်ဝင်း၏ ပြောကြားချက်အရ သိရသည်။
ဇန်နဝါရီလ(၁၀)ရက်နေ့တွင် မြောင်းမြမြို့ အမှတ်(၁၀)ရပ်ကွက်နှင့် မြရတနာရပ်ကွက်အတွင်းရှိ ဘိုးဘွား များအား သွားရောက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် အခြားရပ်ကွက်/ကျေးရွာများရှိ ဘိုးဘွားများအား ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန္ဒာကြည်(မြောင်းမြ)