မူဆယ် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် တရုတ်နိုင်ငံ၊ ကြက်ခြေနီအသင်းမှ တရုတ်ယွမ်ငွေ (၄၇၈၀၃၂) ယွမ်တန်ဖိုးရှိသည့် ကြိုတင်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်ခန့်က မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ၊ အဝင်/အထွက်ဂိတ် (နန်းတော်ဂိတ်)၌ လာရောက်ပေးအပ် လှူဒါန်းသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများကို တရုတ်နိုင်ငံ၊ ရွှေလီကြက်ခြေနီ အသင်းမှ တာဝန်ရှိသူများက လာရောက်ပေးအပ်ရာ မူဆယ်ခရိုင်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဥက္ကာ က လက်ခံခဲ့ပြီး လာရောက်ပေးအပ်လှူဒါန်းမှုအပေါ် မူဆယ်ခရိုင်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း တို့က ဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီး ပြန်လည် ပေးအပ်သည်။
မူဆယ်မြို့၊ နယ်စပ်ဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသနိုင်ရန်အတွက် PCR နှင့် ဆက်စပ်ကျန်းမာရေးအသုံးအဆောင်ပစ္စည်း အမျိုးအစား စုစုပေါင်း (၁)သောင်းခုကို ပေးအပ်လှူဒါန်းပြီး နှစ်နိုင်ငံ၊ နယ်စပ်ဂိတ်မှတစ်ဆင့် အပြန်အလှန် နိုင်ငံသားများ ပြန်လည် လွှဲပြောင်းရာတွင် အသုံးပြုရန်အတွက် တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ကိုဗစ်-၁၉ ရောဂါ ထိန်းသိမ်းရေး ကော်မတီမှ ပလပ်စတစ်ထိုင်ခုံ(၂၀၀)နှင့် ထီး(၂၀)တို့ကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)