ဝါးခယ်မ ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာဆိပ်ကမ်းတွင် ရေပေါ်စျေးသစ်ကို ဆောက်လုပ်သွားမည်ဖြစ်ပြီး ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင် (မဲဆန္ဒနယ်အမှတ် ၁)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုး၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ကြွယ်နှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီးတွင် ပန္နက်ရိုက်ပေးခဲ့ကြောင်း သိရသည်။
အလျား ၁၀၈ ပေ၊ အနံ ၈၁ ပေ၊ ရေမျက်နှာပြင်မှ အမြင့် ၈ ပေ၊ အခင်းထု ၆ လက်မ၊ သံကူကွန်ကရစ် (အမိုးမပါ) ရေပေါ်စျေးသစ်ကို မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဏာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၉၉ ဒသမ ၅ သန်းဖြင့် ရတနာမြတ်မင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ရေပေါ်စျေး တည်ဆောက် ပြီးစီးသွားပါက ခြောက်ပေပတ်လည် ဆိုင်ခန်းပေါင်း ၁၀၈ ခန်းပါဝင် ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)