ကျောက်ဆည် မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဒေသန္တရလျာထားချက်ဖြင့် နွေစပါး ၄၉၃၂ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် နွေစပါးများစိုက်ပျိုးရာ၌ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်အောင်နှင့် ဝန်ထမ်းများက ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဇော်ဂျီ၊ ကင်းတား၊ သတက္ကုန်းဆည်ရေများဖြင့် နွေစပါး ၄၉၃၂ ဧက၊ နွေနှမ်း ၄၄၂၀၆ ဧက၊ မိုးကြိုပဲတီစိမ်း ၃၂၉၆ ဧက၊ မိုးကြိုဝါသီးနှံ ၁၀၀ ဧကနှင့် အခြားသီးနှံ ၁၈၁ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရပြီး နွေသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြေပြင်ပျိုးထောင်ချိန်မှစ၍ သီးနှံများ အောင်မြင်ရိတ်သိမ်းချိန်အထိ စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)