ပျော်ဘွယ်မြိုနယ်တွင် ဆေးစိမ်ခြင်ထောင်ဖြန့်ဝေခြင်းနှင့် အသက် ၅ နှစ်အောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေး

ပျော်ဘွယ် မတ်

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြိုနယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ မြိုနယ်အတွင်းရှိ ဒေသခံပြည်သူများ ငှက်ဖျားရောဂါနှင့် ခြင်မှတဆင့်ကူးစက်တတ်သောရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ဆေးစိမ်ခြင်ထောင်ဖြန့်ဝေခြင်းနှင့် ကလေးငယ်များ အကြောသေရောဂါကင်းဝေးစေရန် ပိုလီယိုကာကွယ်ဆေး (OPV) တိုက်ကျွေးခြင်းကို မတ်လ ၆ ရက်၊ ညနေ ၃ နာရီက သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနများတွင် စနစ်တကျဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆေးစိမ်ခြင်ထောင်ဖြန့်ဝေခြင်းနှင့် ပိုလီယိုကာကွယ်ဆေး (OPV) တိုက်ကျွေးခြင်း လုပ်ငန်းများကို မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့အောင်က ကြီးကြပ်၍ မိခင်နှင့်ကလေးကျန်းမာရေး ဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများမှ ကျန်းမာရေးဝန်ထမ်းများက ငှက်ဖျားရောဂါကင်းဝေးစေရန်အတွက် ဒေသခံပြည်သူများထံ လက်ဝယ်အရောက် ဆေးစိမ်ခြင်ထောင်အရေအတွက် ၃၅,၀၀၀ ဖြန့်ဝေပေးခြင်းနှင့် စနစ်တကျ သုံးစွဲနည်းများ ပညာပေးခြင်း၊ အသက် ၅ နှစ်အောက် ကလေးငယ်များအားလုံး ပိုလီယိုအကြောသေရောဂါမှ ကင်းဝေးစေရန်အတွက် ကာကွယ်ဆေးတိုက်ကျွေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ကျန်းမာရေးဝန်ထမ်းများက ကလေးမိခင်များနှင့် ဒေသခံပြည်သူများကို ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးဟောပြောမှုများကိုပါ တစ်ပါတည်းဆောင်ရွက်ခဲ့ကြောင်းနှင့် ယခုကဲ့သို ကာကွယ် ဆေးတိုက်ကျွေးခြင်းနှင့် ဆေးစိမ်ခြင်ထောင် ဖြန့်ဝေခြင်းတို့ကြောင့် မိခင်နှင့်ကလေးငယ်များ အပါအဝင် ဒေသခံပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ပြောကြားချက်အရ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)