မြင်းခြံခရိုင် Community Centre ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း  ဖွင့်လှစ်

မြင်းခြံ မတ် ၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ကျောင်းသားလူငယ်များအနေဖြင့် ပန်းချီရေးဆွဲရာတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၉) နာရီမှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ကျောင်းသားလူငယ်များ မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းကောင်းများ ပေါ်ထွက်လာစေရန်၊ ပန်းချီရေးဆွဲခြင်းဖြင့် နှလုံးသားများ နူးညံ့လာစေရန်စတဲ့ ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ် ဟု ပြောသည်။

သင်တန်းဆရာ ပန်းချီချစ်သော်က ပန်းချီအခြေခံနှင့် လူပုံရေးဆွဲနည်း၊ ရှုခင်းပုံရေးဆွဲနည်း၊ သရုပ်ဖော်ဒီဇိုင်းနှင့်လက်ရေး၊ အခြေခံမျဉ်းရေးဆွဲနည်း စသည့် ပန်းချီပညာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကို အခြေခံပညာကျောင်းများမှ ကျောင်းသားလူငယ် ၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး မတ်လ ၇ ရက် မှစ၍ ၂၂ ရက်နေ့အထိ စနေ၊ တနင်္ဂနွေရက်များတွင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)