နမ့်စန်တွင် အသက် ၈၅ နှစ်နှင့် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

နမ့်စန်() ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင်  အသက် ၈၅နှစ်နှင့် ၈၅ နှစ်အထက် သက်ကြီး ဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ သုံးသောင်းကျပ်စီကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်မှ တာဝန်ရှိသူများက ဘိုးဘွားများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မှ ၂၀၂၀ -၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဒေါ်ပင်ရီတာနှင့် ဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ က နမ့်စန် မြို့ပေါ်()ရပ်ကွက်ရှိ အသက်၈၅ နှစ်အထက် သက်ကြီးဘိုးဘွား (၅၆) ဦးတို့အား တစ်ဦးလျှင် သုံးသောင်းကျပ်စီ လက်ဝယ် အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာနက ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးကာလအတွင်း အသက် ၁၀၀ နှင့် ၁၀၀ အထက် သက်ကြီးရွယ်အို ဘိုးဘွားများအတွက် ထပ်ဆောင်းထောက်ပံ့ငွေကျပ် သုံးသောင်းစီအား ဘိုးဘွား ၅ ဦးကို ဆက်လက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် သက် ၈၅နှစ်နှင့် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား (၁၁၇) ဦးရှိပြီး ကျန်ရှိသော ရပ်ကွက်နှင့်ကျေးရွာများရှိ ဘိုးဘွားများကိုလည်း သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ထောက်ပံ့ကြေးများကို လက်ဝယ်အရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)