အိမ်မဲမြို့မစျေးကြီးတွင် မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်မှု လက်တွေ့ သရုပ်ပြလေ့ကျင့်

အိမ်မဲ ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် မြို့မစျေးကြီး၌ မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်မှု လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီကဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်မြို့နယ်မီးသတ်ဦးစီးဌာန တို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ရှေးဦးစွာ အိမ်မဲမြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဝေယံစိုးက မီးသတ်ဆေးဗူး အသုံးပြုပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ပြီး စျေးသူ/သားများအား ဆီမီးငြိမ်းသတ်နည်းကို လက်တွေ့သရုပ်ပြ သင်ကြားပေးခဲ့သည်။

ဆက်လက်ပြီးမီးသတ်ဦးစီးဌာနမှ မီးသတ်ကား(၂)စီးနှင့် စျေးအတွင်းရှိရေစက်များမှ ရေထွက်သရုပ်ပြခဲ့ပြီး အခမ်းအနားတက်ရောက်လာသော မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူနှင့် ဌာနဆိုင်ရာအကြီးအကဲများက စျေးအတွင်းရှိ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆောင်ရွက်ထားရှိမှု များကိုကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

"အိမ်မဲမြို့မစျေးကြီးမှာ ဆိုင်ခန်းပေါင်း(၇၀၀)ကျော်ရှိတဲ့အနက် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက် နိုင်ရန်အတွက် မီးသတ်ဆေးဗူးအသုံးပြုပုံနည်း အဆင့်ဆင့်နဲ့ ဆီမီးငြိမ်းသတ်ပုံနည်းအဆင့်ဆင့်တို့ကို စျေးသူ/သားများနဲ့ လက်တွေ့ သရုပ်ပြလေ့ကျင့်တာဖြစ်ကြောင်း"အိမ်မဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမျိုးဇော် ကပြောသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)