မြန်အောင် ဇန်နဝါရီ ၁၁
မြန်အောင်မြို့နယ်အတွင်း ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ကျေးရွာ(၅)ရွာတွင် တွင်းနက်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင် လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)ထံမှသိရသည်။
မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်တွင် မြန်အောင်မြို့နယ်အတွင်း ကျေးလက်ရေရရှိရေး တွင်းနက်တူးဖော်ခြင်း လုပ်ငန်းကို ညောင်တန်းကျေးရွာ၊ ခုနှစ်အိမ်တန်းကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာ၊ ဒေါင့်ကြီးကျေးရွာနှင့် ငါးဘတ်ချောင်းကျေးရွာတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး စင်မြင့်ရေစင်၊ ရေစုကန်၊ ရေစက်ရုံနှင့်ခြံစည်းရိုးကာရံခြင်းတို့ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။
မြန်အောင်မြို့နယ်အတွင်း ကျေးလက်ဒေသ ရေရရှိရေး လုပ်ငန်းများကို ကျေးရွာငါးရွာတွင် စုစုပေါင်းလုပ်ငန်းကုန် ကျငွေ ကျပ်(၆၃.၃၆)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် Htut Gone ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာ ဆောင်ရွက်ရန် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကြီးကြပ်ပေးလျက် ရှိကြောင်း သိရှိရသည်။
ဝင်းဗိုလ်(မြန်အောင်)