ကျောက်ပန်းတောင်း မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စာဖြေဌာနများ ပြင်ဆင်ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ ကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်းထွန်း၊ အဖွဲ့ဝင် ဗိုလ်မှူးနောင်ထွန်းနီ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်နွယ်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်လျှပ်စစ်မန်နေဂျာတို့ပါဝင်သည့် တာဝန်ရှိသူများသည် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာဖြေဌာနများဖြစ်သည့် အနော်ရထာ အ.ထ.ကခွဲ(ပုပ္ပား)စာဖြေဌာန၊ အ.ထ.က(၁)ပင်မနှင့် အ.ထ.က(၁)တိုးချဲ့စာဖြေဌာန၊ အ.ထ.က(၂)စာဖြေဌာန၊ မြို့ရှေ့ အ.ထ.ကစာဖြေဌာနနှင့် လက်ပံပျားစာဖြေဌာန၊ စက်မှု၊ စိုက်၊ မွေး(လက်ပံပျား)စာဖြေဌာန အစရှိသည့် စာဖြေဌာန ၇ ခုတို့ကို ကွင်းဆင်းစစ်ဆေးကြသည်။ ထိုသို့စစ်ဆေးရာတွင် မြို့နယ်ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ စာဖြေခန်းများတွင် မီးအလင်းရောင် လုံလောက်စွာရရှိရေးအတွက် လျှပ်စစ်မီးသွယ်တန်းထားရှိမှုနှင့် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သောက်သုံးရေ လုံလောက်စွာရရှိမှုနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး၊ သက်ဆိုင်ရာ စာဖြေဌာနတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေအောင် (ပြန်/ဆက်)