မြင်းခြံမြို့နယ်အတွင်းနေထိုင်သူများ လေကြောင်းလိုင်းဖြင့် လေယာဉ်စီးနင်းမည့် ခရီးသည်များ အား RDT Test Kit ဖြင့် စစ်ဆေးပေးသွားမည်

မြင်းခြံ ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်းနေထိုင်သူများ လေကြောင်းလိုင်းဖြင့် လေယာဉ် စီးနင်းမည့် ခရီးသည်များအား RDT Test Kit ဖြင့် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

"ပြည်တွင်း လေကြောင်းလိုင်းနဲ့ လေယာဉ်စီးနင်း ခရီးသည်တွေကို လေယာဉ်ပေါ်မတက်မီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ သိရှိနိုင်ရန် RDT Test Kit ဖြင့် စစ်ဆေးရမှာ ဖြစ်ပါတယ်၊ RDT Test Kit ဖြင့် စစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါ ကင်းစင်မှ လေယာဉ်ပေါ် တက်ခွင့်ရှိမှာဖြစ်တဲ့အတွက် တစ်ရက်ကြိုတင်ပြီးတော့ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှာ အမည်စာရင်း ပေးသွင်းရမှာဖြစ်ပြီး မှတ်ပုံတင်မိတ္တူ၊ လေယာဉ်လက်မှတ် မိတ္တူပါ အမည်စာရင်းနှင့် တစ်ပါတည်း ပေးရမှာဖြစ်ကြောင်း" မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာအိအိမြတ်ကပြောသည်။

တစ်ရက်ကြိုတင်၍ အမည်စာရင်းပေးသွင်းထားသူများအား မြင်းခြံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးတွင် နေ့စဉ် နံနက် (၈) နာရီမှ (၁၀) နာရီ၊ နေ့လယ် (၂) နာရီမှ (၃) နာရီ အချိန်တို့တွင် RDT Test Kit ဖြင့် စစ်ဆေးပေးမည်ဖြစ်ပြီး စစ်ဆေးသည့်အချိန်တွင် မှတ်ပုံတင်မူရင်းနှင့် လေယာဉ်လက်မှတ်မူရင်းတို့ကို ပြသရမည်ဖြစ်သည်။ RDT Test Kit ဖြင့် စစ်ဆေးပြီး Negative အဖြေထွက်သူများအား ပြည်တွင်း လေကြောင်းခရီးစဉ် စီးနင်းလိုက်ပါရန်အတွက် Rapid Antigen Diagnostic Test RDT Negative အတည်ပြုကဒ် ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)