ပျော်ဘွယ်မြို့နယ်တွင် နွေရာသီအားကစားသင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ပျော်ဘွယ် မတ် ၉

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်များအတွက် နွေရာသီအားကစားသင်တန်းများကို သတ်မှတ်နေရာများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မတ် ၉ ရက် နံနက် ၇ နာရီက မှန်နန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ Fitness dance သင်တန်းကို ဆက်လက်သင်ကြားသည်။

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရေး၊ အားကစား အခြေခံရှိသော မျိုးဆက်သစ်လူငယ်အားကစားသမားများပေါ်ပေါက်စေရေး၊ အားကစားပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ခုခံစွမ်းအားမြင့်တက်လာစေရေး၊ ခန္ဓာကိုယ်စွမ်းအားနှင့် ဉာဏ်စွမ်းအားတို့ကိုပေါင်းစပ်အသုံးပြုတတ်စေရေစသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်သည်။

နွေရာသီအားကစားသင်တန်းများအဖြစ် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားနည်းတို့ကို မြို့နယ်အားကစားကွင်းတွင် နေ့စဉ်နံနက် ၇နာရီမှ စတင်သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ အေရိုးဗစ်၊ Fitness dance သင်တန်းကို မှန်နန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် သင်ကြားပေးနေခြင်းဖြစ်ပြီး သင်တန်းကာလမှာ မတ် ၅ ရက်မှ ၂၀ ရက်အထိဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)