ခိုင်ကမ်း ဇန်နဝါရီ ၁၁
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီတို့မှ ချင်းပြည်နယ် မြောက်ပိုင်းသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို မြို့ဝင်/ထွက် နေရာဖြစ်သည့် ခိုင်ကမ်းမြို့ အ.ထ.ကကျောင်းရှေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ဇန်နဝါရီ ၁၀ ရက်နေ့ညနေပိုင်းတွင် အရေးကြီးကုန်စည်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၄၆)ဦး တို့ကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာသို့ သွားရောက်မည့် အသက်(၃၀)နှစ်အရွယ်ရှိ ယာဉ်မောင်းတစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့သည်။
ပိုးတွေ့ရှိသူမှာ ကလေးမြို့၊ သဇင်ရပ်ကွက်၊ နယ်မြေ(၉)တွင် နေထိုင်သူဖြစ်သောကြောင့် ကလေးမြို့ ပြည်သူ့ အငှားအိမ်ရာ၊ အိတ်စွတ်ဆေးကုသဆောင်တွင် ထားရှိကုသပေးသွားမည်ဖြစ်ပြီး Negative ဖြစ်သူ ကလေးမြို့ ကြို့သုံးပင် ရပ်ကွက်နေ၊ ယာဉ်နောက်လိုက်အား ကလေးတက္ကသိုလ်၊ Community Based Facility Quarantien Centre တွင် အသွားအလာကန့်သတ် ထားရှိဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ယင်းတို့၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးသည့် အ.ထ.ကကျောင်းရှေ့တွင် ချင်းပြည်နယ် မြောက်ပိုင်းသို့ အရေးကြီးကုန်စည်တင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား စစ်ဆေးရာမှ ဇန်နဝါရီ ၁၀ ရက်နေ့အထိ စုစုပေါင်း ၂၄ ဦး တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)