ထားဝယ် ဇန်နဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ငလျင်ဘေး အန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးဇော်ဦးဦးစီးဆောင်၍ အာယုပါလလူမှု ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ယနေ့နံနက် ၈နာရီခွဲတွင် အချိန်ခန့်က လောင်းလုံးမြို့နယ် မီးသတ်စခန်း ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ(၂)ထပ်အဆောက်အဦတွင် ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင်သန္ဓေတပ်ဖွဲ့ဝင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးဇော်ဦး ဦးစီးဆောင်၍သန္ဓေတပ်ဖွဲ့ဝင်(၁၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦး ၊ အာယုပါလ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်(၅)ဦးစုစုပေါင်း(၃၄)ဦးတို့က လေ့ကျင့်ရာဝန်ထမ်း အိမ်ရာ ရှေ့တွင်မီးသတ်ယာဉ် (၂)စီးဖြင့်ရောက်ရှိ နေရာယူကြပြီး ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းကိရိယာများအား ခင်းကျင်းခြင်းများကို လျှင်မြန်စွာပြင်ဆင် ဆောင်ရွက် ခဲ့ကြသည်။
ထိုနောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က အဆောက်အဦအတွင်းပိတ်ဆို့ဖိမိနေသူများအား လိုက်လံရှာဖွေပြီး ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအသုံးပြု၍ အဆောက်အဦအပေါ်မှ ကြိုးဖြင့် အောက်သို့ချခြင်း၊လှေကားမှလျှင်မြန်စွာ အတက်အဆင်း ပြုလုပ်ခြင်းများ ဆောင်ရွက်သည်။
၄င်းနောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရရှိသူများကို လွှဲပြောင်း ပေးအပ်ရာ အာယုပါလလူမှု ကယ်ဆယ်ရေးအဖွဲ့က ဆက်လက်သယ်ဆောင်၍ ရှေးဦးပြုစုခြင်းနှင့် အရေးပေါ်နှလုံး နှိုးဆွ အသက်ရှူ နည်းဖြင့်ပြုစုပေးခဲ့ကြပြီးကယ်ဆယ်ရေးယာဉ်ဖြင့် တင်ဆောင်၍ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခြင်းတို့ကိုအချိန်တိုအတွင်း အလျင်အမြန် ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြပြီးအဆောက် အဦရှေ့တွင် မီးငြိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြောင်းသတင်းရရှိသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)