ကျောက်ပန်းတောင်း မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆု ဆက်ကပ်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို၊ မတ် ၁၀ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ပြုလုပ်သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး၊ အောင်တော်မူ စာသင်တိုက်ကြီးဦးစီးပဓာန နာယက ဆရာတော်ဘဒ္ဒန္တဣန္ဒကထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြ သည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး၊ စာအောင်သံဃာများ ဆုဆက်ကပ်နိုင်ရန် အတွက် အလှူငွေကျပ် သိန်း ၁၀၀ လှူဒါန်းသည့် ပုပ္ပားတောင်ကလပ် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့အား ဂုဏ်ပြုလက်မှတ်ပေးအပ်ရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ရွှေက လက်ခံရယူသည်။ ဆက်လက်၍ နှစ်စဉ် ဆွမ်းဆက်ကပ်လှူဒါန်းသည့် အောင်ဇဗ္မူ ဆွမ်းကုသိုလ်ရှင်အဖွဲ့အား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဆွေဝင်းက ဂုဏ်ပြုလက်မှတ်ပေးအပ်ရာ အဖွဲ့တာဝန်ရှိသူ တစ်ဦးက လက်ခံရယူသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ သုမနဓဇထံမှ ဩဝါဒကထာ နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။ ယင်းနောက် ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျောက်ပန်းတောင်း စာဖြေဌာနမှ အောင်မြင်တော်မူကြသည့် စာအောင်သံဃာနှင့် သီလရှင်ဆရာလေးများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အလှူရှင်များက စာအောင်ဆုနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြရာ၊ ၃ ကျမ်းပြီး (၅)ပါး၊ ၂ ကျမ်းပြီး (၂)ပါး၊ ပထမကြီးတန်းအောင် (၁၂) ပါး၊ ပထမလတ်တန်းအောင် (၂၃) ပါး၊ ပထမငယ်တန်းအောင် (၇၁) ပါးနှင့် အခြေပြု မူလတန်းအောင် (၉၂)ပါးတို့က လက်ခံ ရယူကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်ကြီးများ၊ ကြီးကြပ်သူဆရာတော်များနှင့် စာအောင်သံဃာနှင့် သီလရှင် ၂၀၅ ပါး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ စုစုပေါင်း ၃၅၅ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)