မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့် ထုတ်ပေး

​ကျောက်ဆည် မတ် ၁၀

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံမှ အာမခံအလုပ်သမားအားအလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့်အတွက် ကျန်ရစ်သူငွေလုံးငွေရင်းအကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို မတ် ၉ ရက် နံနက် ၁၀နာရီခွဲက မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်ကေသီခိုင်က ၂၀၁၂ခုနှစ်  လူမှုဖူလုံရေးဥပဒေအကြောင်းများဖြစ်သည့်  အာမခံအလုပ်သမားတစ်ဦး၏ မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်၊ ငွေကြေးအကျိုးခံစားခွင့်၊ ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ဆေးကုသမှု၊ ငွေကြေးခံစားခွင့်နှင့် မီးဖွားစရိတ်ခံစားခွင့်၊  အလုပ်တွင်ထိခိုက်ဒဏ်ရာရလျှင် ဆေးကုသခွင့်နှင့်ငွေကြေးအကျိုးခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု ငွေကြေးအကျိုးခံစားခွင့်၊ ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်များကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိနှင့် ကျောက်ဆည်မြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိတို့က ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံမှ အာမခံ အလုပ်သမား ဦးယဉ်ကျေး၏ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူ ငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေကျပ် ၅,၄၀၀,၀၀၀ အား ဇနီးဖြစ်သူ ဒေါ်ဇင်နွယ်ဝင်းထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)