ချင်းရွှေဟော် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ (၇၄)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိ နိုင်ရေးအတွက် ယနေ့မွန်းလွဲ (၂)နာရီ အချိန်က လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ (၇၄)ဦးမှာ အမျိုးသား (၄၁)ဦး၊ အမျိုးသမီး (၃၃)ဦး တို့ဖြစ်ကြပြီး မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်မှ (၃)ဦး၊ တောင်သာမြို့နယ်မှ (၁)ဦး၊ မိုးကုတ်မြို့နယ် (၁၃)ဦး၊ ပြင်ဦးလွင်မြို့နယ်မှ (၅)ဦး၊ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်မှ (၁)ဦး၊ အောင်လံမြို့နယ်မှ (၁)ဦး၊ မြို့သစ်မြို့နယ်မှ (၁)ဦး၊ စလင်းမြို့နယ်မှ (၁)ဦး၊ ပခုက္ကူမြို့နယ်မှ (၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ (၉)ဦး၊ ခင်ဉီးမြို့နယ်မှ (၂)ဦး၊ ပုလဲမြို့နယ်မှ (၂)ဦး၊ ယင်းမာပင်မြို့နယ်မှ (၁)ဦး၊ ဟုမ္မလင်းမြို့နယ်မှ (၁)ဦး၊ ခမ်းပါတ်မြို့နယ်မှ (၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှ (၁)ဦး၊ မအူပင်မြို့နယ်မှ (၁)ဦး၊ မြောင်းမြမြို့နယ်မှ (၃)ဦး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှ (၁)ဦး၊ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ (၁)ဦး၊ ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့နယ်မှ (၂)ဦး၊ ရမ်းဗြဲမြို့နယ်မှ (၁)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှ (၂)ဦး၊ ကာလိမြို့နယ်မှ (၂)ဦးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြို့နယ်များမှ (၁၆)ဦး တို့ဖြစ်သည်။
၎င်းနေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့တော်ခန်းမ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ပထမအကြိမ် Rapid Test Kit စနစ်ဖြင့် စစ်ဆေးခြင်းနှင့် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ဓါတ်ခွဲနမူနာ Swab များအားထပ်မံရယူ၍ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရကြောင်းသိရ၍ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ ရောက်ရှိနိုင်ရေး အတွက် စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)