ဇေယျာသီရိ ဇန်နဝါရီ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းမှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စွာ လည်ပတ်နိုင်ရေးအတွက် ဆွေးနွေးပွဲကို သစ်တပ် ကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာရှိ အလင်းပန်းစာကြည့်တိုက်အတွင်း၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မြစန်းရီက မိတ်ဆက်အမှာစကား ပြောကြားရာတွင် ဇေယျာသီရိမြို့နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များ အနေဖြင့် ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စွာ လည်ပတ်နိုင်ရေးအတွက် တညီတညွတ်တည်း ပူပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ်စာကြည့် တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဆန်းထွန်းက မိမိတို့အနေဖြင့် စာပေဝါသနာရှင်များနှင့် အလှူရှင်များရှာ၍ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ လည်ပတ်နိုင်ရေးအတွက် တတ်နိုင်သ၍ ကူညီထောက်ပံ့ပေးမည်ဖြစ်ရာ ကော်မတီဝင်များအနေဖြင့် မိမိတို့ရပ်ရွာအတွင်းရှိ အများပြည်သူများအား စာပေလေ့လာရန် လှုံ့ဆော်ပေးခြင်းနှင့် စာဖတ်လာအောင် စည်းရုံးဆောင်ရွက်ရန်၊ ရရှိပြီးစာအုပ်စာစောင်များကို မပျောက်မပျက် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသောမြို့နယ်အတွင်းရှိ စာကြည့်တိုက် ကော်မတီဝင်များက သိရှိလိုသည်များ မေးမြန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးနှင့် စာကြည့်တိုက်ဖောင်ဒေးရှင်း ဥက္ကဋ္ဌတို့က ပြန်လည် ဖြေကြားပေးခဲ့သည်။
ဆွေးနွေးပွဲသို့ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြစန်းရီ၊ ဇေယျာသီရိ မြို့နယ်စာကြည့် တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဆန်းထွန်း၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်ကော် မတီဝင်များနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးအေးလင်းထွန်း(ပြန်/ဆက်)