ထိုင်းနိုင်ငံ ရနောင်းမြို့သို့ တရားမဝင်သွားရောက်ခဲ့သည့် ပဲချိတ်လှေတစ်စီးအရေးယူခံရ

ကော့သောင်း ၊ ဇန်နဝါရီ ၁၁

            ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မြင့်တက်လျှက်ရှိသဖြင့် မြန်မာ-ထိုင်း ကော့သောင်း ရနောင်း နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကျပ်မှုများ ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ကုန်ပစ္စည်းများပို့ဆောင်ရန် တရားဝင်ခွင့်ပြုချက်မရှိ သွားရောက်ခဲ့သည့် မြန်မာပိုင် ပဲ့ချိတ်လှေ တစ်စီးအား ထိုင်းတပ်မတော်(ရေ)မှ တားဆီးအရေးယူခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

            အဆိုပါ ပဲ့ချိတ်လှေအား မြန်မာနိုင်ငံသား ဦးစိန် ဆိုသူမှမောင်းနှင်ကာ ထိုင်းနိုင်ငံရနောင်းမြို့၊ ပါနန်ဆိပ်ကမ်းတွင် ကုန်ပစ္စည်းပို့ဆောင်ပြီး ပြန်လည်ထွက်ခွာလာရာ ထိုင်းနိုင်ငံပိုင်ရေပြင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုတားဆီးကာကွယ်ရေး တာဝန်ထမ်းဆောင်လျှက်ရှိသည့် ထိုင်းဘုရင့်တပ်မတော် (တပ်မတော်ရေ)၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့များမှ တားဆီးစစ်ဆေးခဲ့သည်။ ထိုင်းနိုင်ငံရနောင်းဆိပ်ကမ်းတွင် ကုန်ပစ္စည်းအတင်အချပြုလုပ်မည့် လှေများအားလုံးသည် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တရားဝင်သတင်းပို့ ခွင့်ပြုချက်ရယူပြီးမှ ကုန်တင်ကုန်ချ ဆောင်ရွက်ကြရမည်ဖြစ်ရာ အဆိုပါလှေမှာ ခွင့်ပြုချက်မယူပဲ တရားမဝင် လာရောက်ခြင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိရသဖြင့် အရေးယူခြင်းခံရခြင်းဖြစ်သည်။

            ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပဲ့ချိတ်လှေအား ထိုင်းနိုင်ငံဆိပ်ကမ်းအာဏာပိုင်လုပ်ထုံးလုပ်နည်းများအရ ဒဏ်ကြေးပေးဆောင်စေကာ လှေမောင်းနင်သူအား ထိုင်းနိုင်ငံသို့ ကုန်ပစ္စည်းပို့ဆောင် ဝင်ရောက်ခွင့် (၇)ရက် ပိတ်ပင်သည့် ပြည်နှင်ဒဏ်အပြစ်ပေးကာ ပြန်လည်စေလွတ်ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)