တာချီလိတ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များ ပြန်လည်ရွေးချယ်ခန့်အပ်နိုင်ရေး နည်းဥပဒေများ ရှင်းလင်းအသိပေးခြင်းပြုလုပ်

တာချီလိတ် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် အစိုးရသက်တမ်း ငါးနှစ်အတွက် တာဝန်ထမ်း ဆောင်ရန် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များ ခန့်အပ်နိုင်ရေး အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းအသိပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက အုပ်ချုပ်ရေးမှူးသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ ကို ရှင်းလင်းတင်ပြခဲ့သည်။

အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိထားနိုင်ရန်အတွက် ယခုလ မကုန်မီ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများသို့ ကွင်းဆင်းပြီး အသိပညာပေးလုပ်ငန်း ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ အသိပေးရှင်းလင်းသည့် အခမ်းအနားသို့ ရွေးချယ်ထားသော ဌာနဆိုင်ရာ များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရုံးစာရေးများ တက်ရောက်ခဲ့ကြသည်။

တာချီလိတ်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၁၁)ခု၊ ကျေးရွာအုပ်စု (၇)ခု၊ တာလေမြို့တွင် မြို့ပေါ်ရပ်ကွက် (၄)ခု၊ ကျေးရွာအုပ်စု (၃)ခုနှင့် ကျိုင်းလတ်မြို့တွင် မြို့ပေါ်ရပ်ကွက်(၃)ခု၊ ကျေးရွာအုပ်စု(၃)ခုတို့ဖြင့် ဖွဲ့စည်းထား ကြောင်း သိရသည်။

ယာဆေး (ပြန်/ဆက်)