မြစ်ကြီးနား ဇန်နဝါရီ ၁၁
၂၀၂၀ ပြည့်နှစ်အတွင်းက ရေကြီးရေလျှံမှု (၃)ကြိမ်ဖြစ်ပေါ်ခဲ့သော ဖားကန့်မြို့နယ်၊ ဝါရာဇွတ် ကျေးရွာအုပ်စု၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွတ်ကျေးရွာအတွင်းမှ ဖြတ်သန်းစီးဆင်း သွားသည့် မိုးကောင်း ချောင်းအား မိုးရာသီတွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ရှင်းလင်းရေး လုပ်ငန်းကို ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ထွန်းရတနာစိမ်းကုမ္ပဏီမှ အပိုင်း(၄)ပိုင်းဖြင့် တာဝန်ယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ချောင်းရှင်းလင်းရေး လုပ်ငန်းကို ချောင်းအရှည် (၅)မိုင်အတွင်း အပိုင်း(၄)ပိုင်းခွဲ၍ စတင်ရှင်းလင်း ဆောင်ရွက်လျက်ရှိရာ ရေကြီးရေလျှံမှု ဖြစ်ပေါ်စေသော အဓိကအကြောင်းအရင်းနေရာ တစ်ခုဖြစ်သည့် အပိုင်း (၃)နေရာတွင် အဓိကထား ရှင်းလင်းနေကြောင်း၊ အဆိုပါနေရာသည် မိုးကောင်းချောင်း ကွေ့ပတ်စီးဆင်းသည့် နေရာဖြစ်သဖြင့် ပေ ၅၀၀ ခန့်မြေသားပိတ်စို့မှု ဖြစ်ပေါ်နေပြီး ရေကြီးရေလျှံမှု၏ အဓိကနေရာတစ်ခုအဖြစ် ဦးစားပေး ရှင်းလင်း ဆောင်ရွက်ခဲ့ရာ (၈၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ထွန်းရတနာစိမ်းကုမ္ပဏီမှ တာဝန်ခံ ကိုတင်အောင်မိုး က ရှင်းလင်းပြောပြသည်။
ယင်းချောင်း ရှင်းလင်းရေး လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၉ ရက်တွင် ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရှဒူးဇွတ်ကျေးရွာသည် ဖားကန့်မြို့နယ်အတွင်း ဝါရာဇွတ်ကျေးရွာအုပ်စုအတွင်း မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းပေါ်တွင် တည်ရှိပြီး မိုးကောင်းချောင်း ရေကြီးရေလျှံမှုကြောင့် ရှဒူးဇွတ်ကျေးရွာ တွင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ အတွင်း (၁)ကြိမ်၊ သြဂုတ်လအတွင်း (၁)ကြိမ်နှင့် စက်တင်ဘာလအတွင်း (၁)ကြိမ် စုစုပေါင်း သုံးကြိမ် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သဖြင့် ကားလမ်းမပေါ်တွင် ပေ ၆၀၀ မှ ၈၀၀ အထိ ရေပြင်ဖြစ်ပေါ်ခဲ့ပြီး ယာဉ်အသွားအလာ ရပ်တန့်မှု ဖြစ်ပေါ်ခဲ့သည့်အပြင် လူနေအိမ် ၃၀၀ ခန့်နှင့် စာသင်ကျောင်းအတွင်း ရေများ ဝင်ရောက်ခဲ့ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။
မျိုးမြင့်စိုး(ပြန်/ဆက်)