သာစည်မြို့နယ်တွင် ထော်လာဂျီဘရိတ်ပေါက်၍ချောက်ထဲထိုးကျ၊ နှစ်ဦးသေဆုံး

သာစည် ဇန်နဝါရီ ၁၁

သာစည်မြို့နယ်တွင်  ယမန်နေ့က လယ်ခေါင်းကျေးရွာအရှေ့ဘက် တစ်မိုင်ခန့် ရွာအဝင်လမ်းတွင်တစ်လုံးထိုး ထော်လာဂျီယာဉ်ဘရိတ်ပေါက်ရာမှ ၁၅ ပေခန့်ရှိ ချောက်ထဲ သို့ ထိုးကျကာ  ယာဉ်ပေါ် လိုက်ပါလာသူနှစ်ဦးသေဆုံးကြောင်းသိရသည်။

          ဖြစ်စဉ်မှာ   ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ  ပြည်ညောင်ရဲကင်းမှ  ဒုရဲအုပ်ဝေဖြိုးအောင်သည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ယာဉ်မောင်း ဝေလင်းဦး လယ်ခေါင်းကျေးရွာနေသူမောင်းနှင်ပြီး ယာဉ်ပေါ်တွင်    တစ်ရွာတည်းနေ ချစ်အောင်နှင့်ဝေယံတို့  လိုက်ပါလာသည့်  ယာဉ်အမှတ်(မရှိ) တစ်လုံးထိုး အစိမ်းရောင် ထော်လာဂျီ(ရေတင်ယာဉ်)မှာ  ရွာအဝင် တောင်ပေါ်လမ်းကို ကွန်ကရစ်ခင်းရန် ရေသယ်ရာမှ ဘရိတ်ပေါက်၍ ၁၅ ပေခန့်ရှိချောက်ထဲသို့ထိုးကျကာ   ချစ်အောင်တွင်  နှာခေါင်းသွေးထွက်ဒဏ်ရာ၊ မျက်နှာညိုမဲဖူးရောင်ဒဏ်ရာ၊ ဝမ်းဗိုက်ရင်ဘတ်ညိုမဲဒဏ်ရာ နှင့် ဝေယံတွင် ပါးစပ်နှာခေါင်းသွေးထွက်ဒဏ်ရာ၊ မျက်နှာညိုမဲဒဏ်ရာ၊ ဝမ်းဗိုက်ရင်ဘတ် ညိုမဲဒဏ်ရာ၊ ဝဲဘက်ပေါင်ကျိုးဒဏ်ရာများဖြင့် ကားပိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့်  ယာဉ်မဆင်မခြင်မောင်းနှင်သူ ဝေလင်းဦးအား ယင်းမာပင် နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။                

ထွန်းထွန်း