နောင်တရား၌ ကိုယ်ဝန်ဆောင်မိခင်များ ဆေးရုံ၊ ဆေးခန်း၌ လာရောက်မွေးဖွားမှုတိုးမြှင့်လာ

နောင်တရား    ဇန်နဝါရီလ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဗဟုသုတတိုးပွားလာသည့်အတွက် ဆေးရုံ၊ ဆေးခန်းများ၌ လာရောက်မွေးဖွားလာမှုမှာ ၇၇ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း နောင်တရားမြို့ ကျေးလက် ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးက ပြောကြားခဲ့သည်။

နေ့နံနက်ပိုင်းတွင် နောင်တရားမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လူထုပေါင်းစည်းပါဝင်သော အဏုစိပ်စီမံချက်ရေးဆွဲခြင်း အခမ်းအနားတွင် နောင်တရားမြို့ ကျေးလက် ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးနေမျိုးက ၂၀၂၀ ခုနှစ် အတွင်းတွင် ကိုယ်ဝန်ဆောင်မိခင်များ ဆေးရုံဆေးခန်း၌ လာရောက်မွေးဖွားသည့် အရေအတွက်မှာ ယခင်နှစ်များထက် ၇၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မကူးစက်တက်သည့်ရောဂါများ ဖြစ်ပွားမှုကျဆင်းခြင်း မရှိသည့်အတွက် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းသည်။

ပြည်သူများ၌ အများဆုံးဖြစ်ပွားနေသည့် ရောဂါလက္ခဏာများ၏ စာရင်းများအား စစ်တမ်းကောက်ယူပြီး ကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို လူထုပေါင်းစည်းပါဝင်သော အဏုစိပ်စီမံချက်တွင် ရေးဆွဲထည့်သွင်း သွားမည်ဟု သိရသည်။

ခွန်အောင်(နောင်တရား)