ကွတ်ခိုင် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယမန်နေ့ နံနက်ပိုင်း၌ Mask Campaign ပြုလုပ်သည့်အနေဖြင့် ပြည်သူများထံ Mask များ အခမဲ့ ဝေငှပေးခဲ့သည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများ၊ ပြန်/ဆက် ဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက မြို့မဈေးနှင့် ပြည်ထောင်စုလမ်းမပေါ် သွားလာသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်များထံ နှာခေါင်းစည်း (Mask) ၁၅၀၀ ခုခန့် အခမဲ့ဝေငှသည်။
“ကိုဗစ်-၁၉ကပ်ရောဂါကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းမှာ ပြည်သူတွေ ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဖို့ လိုအပ်သလို ကွတ်ခိုင်မြို့အတွင်း ကြိုတင် ကာကွယ်ရေးလုပ်းငန်းတွေကိုလည်း ဌာနဆိုင်ရာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူမှုရေး ပရဟိတအသင်းအဖွဲ့တွေက အဘက်ဘက်ကနေ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ပြုလုပ်ဆောက်ရွက်နေပါတယ်" ဟု Mask Campaign ပြုလုပ်သည့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကွတ်ခိုင်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအသင်းအဖွဲ့များက ပူးပေါင်း၍ အရှိန်အဟုန်မပျက် ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)