ကျောက်ပန်းတောင်းမြို့နယ်တွင် တစ်ရက်အတွင်း ပိုးတွေ့လူနာ (၁၄) ဦးအထိ စံချိန်တင်တွေ့ရှိ

ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ယမန်နေ့က RDT Test Kit ဖြင့် စစ်ဆေးသည့် ယာဉ်နောက်လိုက်(၁)ဦးနှင့် အနံ့မရသဖြင့် ဆေးရုံတက်ရောက် ကုသနေသူ (၁၂) ဦးအပါအဝင် တစ်ရက်အတွင်း ပိုးတွေ့လူနာ (၁၄)ဦး စံချိန်တင်တွေ့ရှိခဲ့ပြီး၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်လုပ် ဆောင်ရန်လိုအပ်လျက် ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကောင်မွန်တိုးဂိတ်အနီးရှိ ယာယီစစ်ဆေးရေးဂိတ်မှနေ၍ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်လိုက်များအား RDT Test Kit ဖြင့် ပုံမှန်စစ်ဆေးလျက်ရှိရာ၊ ယမန်နေ့က ယာဉ်အစီးရေ(၅၇)စီးမှ ယာဉ်မောင်းနှင့် ယာဉ်လိုက်(၁၀၅)ဦးတို့ကို စစ်ဆေးခဲ့ရာ တွင် မန္တလေးမြို့မှ ကျောက်ပန်းတောင်းမြို့သို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်တစ်စီးမှ ယာဉ်နောက်လိုက်(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့အပြင်  ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းတွင် Quarantine ဝင်ရောက်နေသူ (၁၈၇) ဦးအား ပထမအကြိမ် RDT Test Kit ဖြင့်စစ်ဆေးခဲ့ပြီး၊ ဒုတိယအကြိမ် Swab  စစ်ဆေးရန်ကျန်ရှိသူ (၄၃) ဦးနှင့် အနံ့မရရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသနေသူ (၁၂) ဦး စုစုပေါင်း (၅၅) ဦးတို့၏ Swab နမူနာများအား ယမန်နေ့က ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ အနံ့မရသဖြင့် ဆေးရုံတက်ရောက်ကုသနေသူ (၁၂) ဦးလုံးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ မန္တလေး(ချမ်းအေးသာစံ)မှ  ပြန်လည်ရောက်ရှိလာသူ၊ ဆည်ကျေးရွာအုပ်စု ဆည်ကျေးရွာမှ အမျိုးသား (၁) ဦးတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ရာ တစ်ရက်အတွင်း ရောဂါပိုးတွေ့ရှိသူ (၁၄) ဦးဖြင့် စံချိန်တင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူများကို မြို့နယ်ပြည်သူ့ဆေးရုံ သီသန့်ဆောင်တွင် ဆေးကုသမှု ခံယူစေပြီး၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်မှုရှိခဲ့သူများကို စုံစမ်းဖော်ထုတ်၍ GTI Quarantine Centre သို့ ပို့ဆောင်ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှသိရပြီး၊ မြို့နယ်တွင်း ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအ တွက်၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို လိုအပ်သည့် အရေးယူမှုများဖြင့် အရှိန်အဟုန် မြှင့်ဆောင်ရွက်သွားရန် ဒေသခံများက  လိုလားလျက်ရှိနေကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)