မလှိုင် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက မြို့နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများတွင် ကူညီပါဝင် ဆောင်ရွက်ပေးနေသော Saving Mahlaing ပရဟိတအဖွဲ့ကို ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေး ခန်းမ၌ ကိုဗစ်-၁၉ ရောဂါညွှန်ကြားချက်များနှင့် အညီ ကျင်းပခဲ့ကြောင်းသိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ကာကွယ်ရေးသုံးပစ္စည်းများ ကူညီထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းနိုင်၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာတင်ဇော်ဝင်းနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ပေးအပ်ရာ Saving Mahlaing ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုအောင်နှင့် တာဝန် ရှိသူများက လက်ခံရယူခဲ့ကြသည်။
အဆိုပါနေ့က PPE ဝတ်စုံ(၅၀)၊ Face Mask (၁၂)ဗူး၊ လက်အိပ်(၁ဝဝ)၊ ခေါင်းစွပ်(၁ဝဝ)၊ Apron (၁ဝဝ)၊ ပိုးသတ်ဆေး (၅) ဂါလံတစ်ပုံး၊ ခေါက်ဆွဲခြောက်(၂)ဖာ၊ ငွေကျပ်(၃)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)