မယ်စဲ့ ဇန်နဝါရီ ၁၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျေးလက်ရေပေးရေး လုပ်ငန်းနှင့် လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ယမန်နေ့ ညနေက ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူ အောင်၊ ဒုတိယညွှန်ကြား ရေးမှူး (နည်းပညာ) ဦးထွန်းချစ်နှင့် အဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ညွှန်ကြားရေးမှူး ဦးကျော်သူအောင်နှင့်အဖွဲ့သည် ကျောက်စုကျေးရွာ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင် ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ၂ လက်မ PVC အရှည် ၂၀၄၈၀ ပေ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း၊ (2HP) မော်တာတစ်လုံး တပ်ဆင်ခြင်းလုပ်ငန်း၊ ပန်တိန်း ကျေးရွာ လယ်ယာကုန်ထုတ်လမ်း အရှည်(၂/၄) မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် ကွန်ကရစ်တံတားတစ်စင်း၊ Box Culvert ၃ စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများအချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ အရည်အသွေး ပြည့်မီရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)