ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ခရီးသွားရာဇဝင်မရှိပဲ မြို့နယ်တွင်း အနံ့ပျောက်သူများနှင့် အဆိုပါအနံ့ပျောက်သူများမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုများ များလာသဖြင့်၊ ယမန်နေ့နေ့ ည(၉)နာရီအချိန်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် မြို့တွင်းရှိ ရပ်ကွက်များ၊ လမ်းများတွင် ပြည်သူသို့ အသိပေးမေတ္တာရပ်ခံချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ယခင်ရက်များက နေရပ်ပြန်များနှင့် RDT Test Kit ဖြင့် စစ်ဆေးသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အချို့တို့တွင်သာ ပိုးတွေ့ရှိမှုများ ရှိခဲ့သော် လည်း၊ ယခုရက်ပိုင်းအတွင်း ကျေးရွာအချို့နှင့် ကျောက်ပန်းတောင်းမြို့ မြို့မဈေးကြီးအတွင်းမှ အနံ့မရသဖြင့် ဆေးရုံတက်ရောက်ခဲ့ရသူများရှိသလို၊ ရပ်ကွက်အချို့မှလည်း အနံ့ပျောက်သဖြင့် ဆေးရုံတက်ရောက်ခဲ့ရသူများရှိလာခဲ့ပြီး၊ အဆိုပါအနံ့ပျောက်သူများကို Swab နမူနာယူ စစ်ဆေးရာတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုများရှိလာခဲ့ကြောင်း သိရသည်။ သို့ဖြစ်၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီ၏ အစီအစဉ်ဖြင့် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်းများ က ပြည်တော်သာရပ်ကွက်၊ ဆွေသဟာလူမှုကူညီရေး အသင်းအကူအညီဖြင့် အချက်(၇)ချက် ပါသည့် ပြည်သူသို့ပန်ကြားချက်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါပန်ကြားချက်တွင် ပြည်သူများအနေဖြင့် မလိုအပ်ပဲ အပြင်သို့လုံးဝမထွက်ကြရန်၊ အပြင် ထွက်လျှင်လည်း Mask နှင့် Face Shield များတတ်ဆင်ပြီးမှ သွားလာကြရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြောရန်၊ အခြေခံ စားသောက် ကုန်များ ဝယ်ယူရန်အတွက် တမ္ပဝတီဈေးသစ်တွင် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း/ဝယ်ယူခြင်းပြုကြရန်၊ ဈေးသည်/ဈေးဝယ်များ အနေဖြင့်လည်း Mask နှင့် Face Shield များတတ်ဆင်ပြီးမှ ရောင်း/ဝယ်ကြရန်နှင့် နေရပ်ပြန်များရှိလျှင် သော်လည်းကောင်း၊ အနံ့ပျောက်သူများ ရှိလျှင်သော်လည်းကောင်း သက်ဆိုင်ရာသို့ အချိန်နှင့်တပြေးညီ သတင်း ပေးပို့ကြရန်တို့ပါရှိသည်။ အဆိုပါပန်ကြားချက်ကို ယနေ့ နံနက်ပိုင်းတွင်လည်း ထပ်မံလှည့်လည် ကြေညာလျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)