အောင်မြေသာစံမြို့နယ်အတွင်းရှိ ပရဟိတအသင်း (၃၁) သင်းအား PPE ဝတ်စုံများ၊ နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

မန္တလေး ဇန်နဝါရီ ၁၂

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ ပရဟိတအသင်း (၃၁)သင်းအား PPE ဝတ်စုံများ၊ နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက အမှာစကား ပြောကြား ပြီး အောင်မြေသာစံမြို့နယ် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က PPE ဝတ်စုံများ၊ နှာခေါင်းစည်းများ ထောက်ပံ့ ပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ရခြင်းအကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့‌ပေးအပ်ထားသည့် PPE ဝတ်စုံများနှင့် နှာခေါင်းစည်းများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက မြို့နယ်အတွင်း၌ ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ပိုးတွေ့သံသယ ဆက်စပ်လူနာများအား သက်ဆိုင်ရာ Quarantine Centre များသို့ပို့ဆောင်ခြင်း၊ ပြန်လည်ခေါ်ယူခြင်း၊ ကျန်းမာရေး အသိပညာပေး ကြေညာချက်များအား ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များနှင့်အတူ အသံချဲ့စက် များဖြင့် လှည့်လည်ကြေညာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးရာတွင် ပါဝင်ကူညီကြခြင်း၊ တားမြစ်အမိန့်များအရ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ခြင်း၊ ရောဂါပိုးကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရန် ဆေးဖျန်း‌ပေးခြင်း အစရှိသည့် လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက် ပေးကြသည့် ပရဟိတအသင်း (၃၁) သင်းတို့အား PPE ဝတ်စုံ (၁၀) စုံနှင့် နှာခေါင်းစည်း အခုရေ (၂၀၀) တို့အား အသီးသီးပေးအပ်၍ ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ကြသည်။ ဆက်လက်၍ ပရဟိတအသင်းများကိုယ်စား ပရဟိတမင်းခေါင် လူမှုကယ်ဆယ်ရေးအသင်းမှ ဥက္ကဋ္ဌဦးခင်မောင်တင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)