တံတားဦးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား/ ကျောင်းသူများအား ကြာဇံဟင်းခါး၊ အချိုရည်နှင့် မုန့်များ ပေးဝေ

တံတားဦး မတ် ၁၇

၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲကို အမြို့မြို့အနယ်နယ်တွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်အနေဖြင့် ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာရပ်တို့ကို အ.ထ.က၊ တံတားဦးစာစစ်ဌာန၌ ကျောင်းသား/ ကျောင်းသူများအား စာမေးပွဲပြီးချိန်တွင် ကြာဇံဟင်းခါး၊ အချိုရည်နှင့်မုန့်များကို ယနေ့မွန်းတည့် ၁၂ နာရီက အဆိုပါကျောင်းဝန်းတွင်း ပေးဝေခဲ့ကြောင်း သိရသည်။

စာမေးပွဲပြီးချိန်တွင် တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (FPTP) ဦးကျော်မိုးသက်က ကျောင်းသား/ကျောင်းသူများအတွက် ကြာဇံဟင်းခါးကိုလည်းကောင်း၊ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်ပြီး တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများအား အားဖြည့်အချိုရည်နှင့် မုန့်များပေးဝေကြသည်။

အဆိုပါဆောင်ရွက်ရာသို့ တံတားဦခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ကြသည်။

တံတားဦးမြို့နယ်အနေဖြင့် အ.ထ.က၊ တံတားဦးစာစစ်ဌာနနှင့် အ.ထ.က၊ ချောင်းခွစာစစ်ဌာနတို့တွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ဇီဝဗေဒဘာသာကို ၈၄၇ ဦး၊ ဘောဂဗေဒဘာသာကို ၈၆ ဦး၊ စုစုပေါင်း ၉၃၃ ဦး ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုမြင့်ထံမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)