မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

မြစ်သား မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ လမ်းခွကျေးရွာအုပ်စု၊ ပေတောကျေးရွာကွင်းအမှတ် ၄၆၅ ၊ ဦးပိုင်အမှတ် ၁၀၉ တောင်သူ ဒေါ်တင်၏ လယ်မြေ ၅ ဧကတွင် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ထိုင်းနှံကောက်စပါးမျိုးကို စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲက စံပြကွက်စိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ကျောက်ဆည်ခရိုင် စက်မှုလယ်ယာဦးစီးဌာန အင်းကုန်းစက်ရုံမှူးဦးမျိုးလွင်ဦးက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြမည့် စက်ကိရိယာများအကြောင်းကို ရှင်းလင်းဆွေးနွေးပေးရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ငြိမ်းထွေးက ကောက်စိုက်စက် စိုက်ပျိုးခြင်းဖြင့် ကောက်ကွက်ပြည့်မှီကာ ပန်းတိုင်အထွက်နှုန်းရရှိမည်ဖြစ်ကြောင်း၊ ထိုသို့စိုက်ပျိုးခြင်းဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ အချိန်ကုန်သက်သာခြင်း၊ သက်တောင့်သက်သာစိုက်ပျိုးနိုင်ခြင်း၊ ပျိုးထောင်ဧရိယာအနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးပင်များပြုစုထိန်းသိမ်းမှုလွယ်ကူစိတ်ချရခြင်း၊ သန်မာ၍ ရောဂါကင်းသောပျိုးပင်များရရှိခြင်း၊ လေဝင်လေထွက်ကောင်းပြီးကောက်ကွက်ဝင်ဆန်မှုတိကျမှန်ကန်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက် နှုန်းကောင်းစေခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးထားသော စပါးခင်းအား စပါးရိတ်သိမ်းချွေလှေ့စက်များဖြင့် အလွယ်တကူရိတ်သိမ်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိကြောင်းကို ဒေသခံတောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။ 

ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုများကို သွားရောက်ကြည့်ရှုကာ တက်ရောက်လာသည့် ဒေသခံတောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာခရိုင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ခံအရာရှိများက ပြန်လည်ရှင်းလင်းဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့  ကျောက်ဆည်ခရိုင် စက်မှုလယ်ယာဦးစီးဌာန အင်းကုန်းစက်ရုံမှူး ဦးမျိုးလွင်ဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ငြိမ်းထွေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ဒေသခံတောင်သူ (၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)