မိုင်းရှူး ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့၌ မြို့မစျေးငွေစု/ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးအား ယနေ့နံနက်(၁၀)နာရီ အချိန်ခန့်က ငွေစု/ငွေချေးသမဝါယ အသင်းရုံး၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငွေစု/ ငွေချေးသမဝါယမအသင်းလီမိတက် သဘာပတိ ဦးဝင်းဇော်နှင့် မြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လွင်တို့က အမှာစကားပြောကြားသည်။
ယင်းနောက် ၂၀၁၉-၂၀၂၀ပညာသင် နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သော အသင်းသားများ၏ သားသမီး(၆) ဦးတို့ကို တစ်ဦးလျှင် တစ်သောင်းနှုန်းဖြင့်လည်းကောင်း၊ ဂုဏ်ထူး(၄)ဘာသာရကျောင်းသူတစ်ဦးကို တစ်ဘာသာလျှင် တစ်သောင်းနှုန်းဖြင့်လည်းကောင်း ပညာရည်ချွန်ဆုများ ချီးမြှင့်ခြင်းနှင့် ကိုဗစ်-၁၉ ကာလအတွက် အသင်းသား(၂၅၇) ဦးတို့ကို တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် လည်းကောင်း ထောက်ပံ့ငွေများပေး အပ်ခဲ့ကြသည်။
ထို့နောက် အသင်းအုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်ဝင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လုပ်ငန်းအစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများ ရှင်းလင်းတင်ပြခြင်းနှင့် အသင်းသားစာရင်းစစ် အစီရင်ခံစာများကို ဖတ်ကြားပြီး ၂၀၁၉-၂၀၂၀ခုနှစ် ဒါရိုက်တာ အဖွဲ့ လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ တာဝန်ရှိသူများနှင့် အသင်းသားများ တက်ရောက်ခဲ့ပြီး ကျန်းမာရေးညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)