ထားဝယ်မြို့ သ​ပြေချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးနေအိမ်(၁)လုံးမီးလောင်မှုဖြစ်ပွား

ထားဝယ်  ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သ​ပြေချောင်းကျေးရွာဘုန်းတော်ကြီးကျောင်းအနီးတွင် ယနေ့နံနက် ၄ နာရီ၁၅ မိနစ်အချိန်ခန့်က နေအိမ်(၁)လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်

ဖြစ်စဉ်တွင် သ​ပြေချောင်းကျေးရွာဘုန်းတော်ကြီးကျောင်းအနီးတွင် နံနက် ၄ နာရီ ၁၅ မိနစ်အချိန်ခန့်က အိမ်ပိုင်ရှင် ဦးဘသန်းနေအိမ်အလျား ၃၂ ပေ၊ အနံ ၂၄ပေ ဓနိမိုးထရံကာကြမ်းခင်းခြေတံရှည် (၁)ထပ်နေအိမ်၌ မီးဖိုမီးမီးကြွင်းမီးကျန်မှ တဆင့်မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူတစ်ဦးက မီးသတ်ဦးစီးဌာနသို့ ဖုန်းဆက် အကြောင်းကြားရာ မီးလောင်ရာသို့ ထားဝယ်ခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းဦးဆောင်၍ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် (၁၂)ဦးအရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးနှင့် မီးငြိမ်း သတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊   ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ ရေသယ်ယာဉ်(၂)စီးနှင့်အတူ ဒေသခံပြည်သူများတို့က ဝိုင်းဝန်းငြိမ်းသတ်ရာ ၄ နာရီ၃၅ မိနစ် အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုနှင့်ပတ်သက်၍ နေအိမ်ပိုင်ရှင်ဦးဘသန်းအား ထားဝယ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 ထားဝယ်(ခရိုင်ပြန်/ဆက်)