ချင်းရွှေဟော် ဇန်နဝါရီ ၁၂
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၁)ဉီးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဉက္ကဋ္ဌ ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့ နံနက်(၁၁)နာရီ အချိန်က လားရှိုးမြို့သို့ ဆက်လက် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၁)ဉီးမှာ အမျိုးသား(၁၆)ဉီး၊ အမျိုးသမီး(၅)ဉီးတို့ ဖြစ်ကြပြီး မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်မှ(၃)ဉီး၊ သာစည်မြို့နယ်မှ(၁)ဉီး၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်မှ(၄)ဉီး၊ ညောင်လေးပင်မြို့နယ်မှ(၁)ဉီး၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်မှ(၁)ဉီး၊ သရက်မြို့နယ်မှ(၁)ဉီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ တမူးမြို့နယ်မှ(၁)ဉီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်မှ (၁)ဉီး၊ နေပြည်တော်၊ လယ်ဝေး မြို့နယ်မှ(၃)ဉီး၊ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ(၁)ဉီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှ (၃)ဉီးနှင့် ကျောက်မဲမြို့နယ်မှ(၁)ဉီး တို့ဖြစ်သည်။
၎င်းနေရပ် ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ၊ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနက ပထမအကြိမ် Rapid Test Kit စနစ်ဖြင့် စစ်ဆေးခြင်းနှင့် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ဓါတ်ခွဲနမူနာ Swab များအား ထပ်မံရယူ၍ မန္တလေးမြို့၊ ပြည်သူ့ ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရကြောင်း သိရ၍ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများ သို့ ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)