တပ်ကုန်း ဇန်နဝါရီ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ဆွေးနွေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အနော်ရထာရပ်ကွက်၊ “အလင်းအိမ်” စာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ “အလင်းအိမ်” စာကြည့်တိုက်ကော်မတီဝင်များအား တွေ့ဆုံ၍ စာကြည့်တိုက် ကော်မတီဝင်များ အနေဖြင့် စာကြည့်တိုက်ရေရှည်တည် တံ့ဖွံ့ဖြိုးတိုးတက်ရန်အတွက် တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်မှသာ ပိုမို အောင်မြင်မည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ကော်မတီဝင်များအနေဖြင့် မိမိတို့ရပ်ကွက်အတွင်းရှိ အများပြည်သူများအား စာအုပ်စာစောင် လေ့လာဖတ်ရှုရန် လှုံ့ဆော်ပေးခြင်းနှင့် စာဖတ်သူများ ပိုမိုများပြားလာအောင် စည်းရုံးဆောင်ရွက်ရေး၊ စာအုပ်စာစောင်များကို မပျောက်မပျက်စေရေးနှင့် စာကြည့်တိုက် အဆောက်အဦ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် စာကြည့်တိုက်ကော်မတီဝင်များက သိရှိလိုသည်များ မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါရပ်ကွက် “အလင်းအိမ်” စာကြည့်တိုက်အဆောက်အဦကို ဦးသာဌေး+ဒေါ်ကြည်ခင် (ORIGINAL GROUP) ကုမ္ပဏီမှ မတည်ငွေကျပ်(၁၀)သိန်း၊ ရပ်ကွက်ပြည်သူစေတနာရှင် စုပေါင်းငွေများနှင့် အလျား (၄၅)ပေ၊ အနံ (၁၄)ပေ၊ တစ်ထပ်၊ နံကပ်၊ အုပ်ညှပ် အဆောက်အဦဖြစ်ပြီး ၂၉-၁၀-၂၀၀၉ ခုနှစ်က စတင်ဖွင့်လှစ်၍ သုတ၊ ရသ စာအုပ်စာစောင်ပေါင်း (၅၀၀၀)ကျော်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်