ရှေးဟောင်းအဆောက်အအုံပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပုဂံ မတ် ၁၉

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီမွန်း ဦးဆောင်သော အရာထမ်း၊ အမှုထမ်းများပါဝင်သောအဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ASI အဖွဲ့က ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသော ရှေးဟောင်းအဆောက်အအုံအမှတ် -၁၆၇၀ (မဟာဗောဓိ)ဂူဘုရားရှိ ဆောင်ရွက်နေမှုအခြေအနေများကို မတ်လ ၁၉ ရက်၊ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှေးဟောင်းအဆောက်အအုံအမှတ် - ၁၀၄၂ (ဆင်ကအုတ်တိုက်ရှည်နှင့်အုတ် ကုန်း) ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွင် အမိုးပေါင်းကူးပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊  ရွာဟောင်းကြီးဂူဘုရား Buddhist Complex ရှိ ရှေးဟောင်းစေတီ၊ ပုထိုးများ၊ အုတ်ကျောင်းများ၊ တံတိုင်းများ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် တူးဖော်သုတေသန ပြုခြင်းလုပ်ငန်းနှင့် ပတ်သက်၍ တူးဖော်ရေးဆောင်ရွက်နေသော လုပ်ငန်းများ၊ အုတ်ကျောင်းများထိန်းသိမ်းခြင်း၊ တံတိုင်းပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေမှု အခြေနေများ၊ ရွာဟောင်းကြီးရေကန်၊ ရေစစ်ကန်နှင့် ရေဝင်မြောင်းမွမ်းမံပြုပြင်ခြင်းလုပ်ငန်းမှ ရေစစ်ကန်ရှိ သဲနုန်းများ တူးဖော်ဖယ်ရှားနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ ရေစစ်ကန်၏ ကြံ့ခိုင်မှုပိုမိုကောင်းမွန်စေရန် အလေးထား၍ ရှေးမူလက်ရာ မပျက်စေဘဲ ထိန်းသိမ်းသွားရန်၊ရေဝင်မြောင်းများကို စနစ်တကျ ဖော်ထုတ်ထိန်းသိမ်းသွားရန်နှင့်  ထိန်းသိမ်းရေးမူဝါဒနှင့်အညီ သတ်မှတ်ဘဏ္ဍာရေးနှစ် ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန်တို့အား စစ်ဆေးကြည့်ရှုမှာကြားသည်။ ထို့နောက် ရှေးဟောင်းအဆောက်အအုံ အမှတ် - ၂၄၉ (သိကြားဟစ်) ဂူဘုရားနှင့် ၂၄၃ (သိကြားသိ) ဂူဘုရားအစုတို့တွင် အထွေထွေပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဖြစ်သော နံရံဆေးရေးပန်းချီနှင့် အင်္ဂတေပန်းများ ကြံ့ခိုင်ထိန်းသိမ်းခြင်း၊ ငှက်များမဝင်ရောက်စေရန် သံပန်းတံခါးနှင့်ငှက်လုံဇကာများတပ်ဆင်ခြင်း၊ သိကြားဟစ်ဂူဘုရားတံတိုင်းနှင့် အုတ် တိုက်ပြုပြင်ထိန်းသိမ်းခြင်း၊ ကြမ်းခင်းပြုပြင်ခြင်းနှင့် လျှောက်လမ်းပြုလုပ်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား အရည်အသွေး ကောင်းမွန်စေရန်၊ Conservation Guideline နှင့်အညီ ဆောင်ရွက်ရန်နှင့် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ASI အဖွဲ့က ဆောင်ရွက်လျက်ရှိသည့် ရှေးဟောင်းအဆောက်အအုံ အမှတ်-၁၆၇၀ (မဟာဗောဓိ)ဂူဘုရား ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ပြီးစီးသည့် အခြေအနေများကို ASI အဖွဲ့နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး မဟာဗောဓိဂူဘုရားနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အကြောင်းအရာများကို ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း