တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းပြင်ပ မူလတန်းပညာရေးနှစ်ဆုံးတတ်မြောက်မှု စစ်ဆေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ထားဝယ် မတ် ၁၉

ထနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာနနှင့်ဆန်းချီမူလတန်းကျောင်း စာစစ်ဌာန၌ ယနေ့နံနက်ပိုင်းတွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပြင်ပ မူလတန်းပညာရေးနှစ်ဆုံး တတ်မြောက်မှုစစ်ဆေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးသည်။

ဦးစွာ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က ကျောင်းပြင်ပနှစ်ဆုံးတတ်မြောက်မှုစစ်ဆေးနေစဉ် ကာလအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကျောင်းပြင်ပ မူလတန်းပညာရေးအောင်မြင်သူများအား အလယ်တန်းပညာရေးသို့ ဆက်လက်တက်ရောက်နိုင်အောင် ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကျောင်းပြင်ပ အလယ်တန်းပညာရေးပြီးမြောက်အောင်မြင်ပါက အခြေခံပညာအထက်တန်း Grade- (10)သို့ကူး ပြောင်းသင်ယူနိုင်ရန်အတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ဘဝရပ်တည်မှုမြင့်မားရေးအတွက် ကျောင်းပြင်ပပညာရေးအစီအစဉ်များ ပိုမိုတိုးတက်လာစေရန်အတွက်အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း မှာကြားသည်။

ကျောင်းပြင်ပမူလတန်းပညာရေးနှစ်ဆုံးတတ်မြောက်မှုစစ်ဆေးနေမှုကို ထားဝယ်နှင့်မြိတ်မြို့နယ်ရှိ သက်ဆိုင်ရာ စာစစ်ဌာနများ၌ level-1 ဖြေဆိုသူဦးရေမှာ (၁၁၈၂)ဦးရှိပြီး level-2 ဖြေဆိုသူဦးရေမှာ (၃၀၄)ဦး ရှိပြီးရှိကြောင်း သိရသည်။

အဆိုပါစာစစ်ဌာနများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပြင်ပမူလတန်းပညာရေး (ပထမအဆင့်နှင့် ဒုတိယအဆင့်) နှစ်ဆုံး တတ်မြောက်မှုစစ်ဆေးခြင်းကို ၂ဝ၂၆ ခုနှစ် မတ်လ ၁၉ ရက် (ကြာသပတေးနေ့) နှင့် ၂၀ ရက်(သောကြာနေ့)တို့တွင် ကျင်းပမည်ဖြစ်ပြီးဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက်သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)