ကော့သောင်း မတ် ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED မြန်မာ)တို့ ပူးပေါင်း၍ “Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း” ဖွင့်ပွဲကို ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးထက်အောင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းစတင်ဖွင့်လှစ်ခဲ့ကြသည်။
အဆိုပါ “Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း” ကို ကျေးရွာနေပြည်သူများ မိသားစုဝင်ငွေတိုးရေးအတွက် တစ်နိုင်တစ်ပိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတည်ထောင် နိုင်ရန်ရည်ရွယ်၍ မတ်လ (၁၉)ရက်နေ့မှ (၂၂)ရက်နေ့ထိ (၄)ရက်တာသင်တန်းနည်းပြများဖြင့် စာတွေ့/လက်တွေ့သင်တန်းပို့ချသွားမည်ဖြစ်ပြီး ပုလုံးတုံတုံး၊ရွှေပြည်စိုး၊ ဆယ်မိုင်၊ ချမ်းဖန်း၊ မလိဝမ်းကျေးရွာတို့မှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးခန့် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)