ဇလွန် ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် နွေစပါးရာသီတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဓာတုသွင်းအားစု လျော့ချရေး လုပ်ငန်းစဉ်ဖြစ်သော (EM) ဘိုကာရှီ ကောက်ရိုးမြေဆွေးပုံ ပြုလုပ်သုံးစွဲခြင်းအား ကော့ကပ်ကြီးကျေးရွာအုပ်စု တောင်သူဦးကျော်စိုးထွန်း၏ နွေစပါးစိုက်ခင်းကွင်းအမှတ် (၁၆၆၅) တွင် ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် ပြုလုပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ (EM)ဘိုကာရှီ ကောက်ရိုးမြေဆွေးသည် အပင်အတွက်လိုအပ်သော အာဟာရဓာတ်များဖြစ်သော Organic Matter၊ သစ်ဆွေးဓာတ်၊ နိုက်ထရိုဂျင်နှင့် ဖော့စဖောရပ်အပြင် အခြားဓာတ်များသည် မြေဆီလွှာအတွင်း အဆိပ်အတောက် ကင်းရှင်းစွာဖြင့် သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ စိုက်ပျိုးရေး လုပ်ငန်းများအား ရေရှည်ဆောင်ရွက်သွားနိုင်သဖြင့် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားသင့်ကြောင်း ယခုအခါ စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ တောင်သူများသည် လက်ရှိမြေပေါ်တွင် သီးထပ်၊ သီးညှပ်များ စိုက်ပျိုးလာကြပြီး သွင်းအားစုဖြစ်သော ယူရီးယားနှင့် အခြားကွန်ပေါင်း ဓာတ်မြေသြဇာများကိုသာ အဓိကထား သုံးစွဲလာကြသဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများ လျော့ကျလာသဖြင့် (EM) ဘိုကာရှီအပြင် သစ်စိမ်းမြေသြဇာ၊ ပိုက်ဆံလျှော်၊ ညံပင်၊ ပဲမျိုးရင်းဝင်အပင်များနှင့် စပါးခွံ့မြေဆွေး စသည့် လယ်ယာစွန့်ပစ် ပစ္စည်းများအား မြေသြဇာအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သုံးစွဲမှသာ ရေရှည်တည်တံ့သော စိုက်ပျိုးရေး ကဏ္ဍတစ်ရပ် ဖွံ့ဖြိုးတိုးတက်လာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်ကျော်စိုး၏ ပြောကြားချက်အရ သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)