မိတ္ထီလာ မတ်၂ဝ
မိတ္ထီလာမြို့၌ မီးလောင်မှုကြောင့်နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုခြောက်စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းကပံ့ပိုးပေးပို့သော ကူညီကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက ရန်မျိုးအောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ပေးအပ်ရာတွင် မတ်လ ၁ဝ ရက်နေ့က မီးလောင်မှုကြောင့်နေအိမ်များပျက်စီးဆုံးရှုံးခဲ့သည့် ရန်မျိုးအောင်ရပ်ကွက် အောင်ချမ်းသာရပ်မှ အိမ်ထောင်စုခြောက်စုထံသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပံ့ပိုးပေးပို့သော မိသားစုသုံးအရေးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်းအမျိုးအမည် ၆ မျိုးပါ အသုံးအဆောင်ပစ္စည်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်၊ ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင် ဦးကျော်ဇေယျ၊ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးဦးနေဦးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ ထို့နောက် အဆိုပါအိမ်ထောင်စုမှ မိသားစုဝင်များအား ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူးဦးနေဦးက ကူညီကယ်ရေးပစ္စည်းများ အသုံးပြုပုံများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းသာ