ကျောက်ပန်းတောင်းမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ

ကျောက်ပန်းတောင်း မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့်  အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီ အခြေခံအားကစားသင်တန်း ဆင်းပွဲကို မတ် ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြိုနယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်အနားတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုလတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ အားကစားသင်တန်းများတွင် နည်းပြအဖြစ် ဆောင်ရွက်ခဲ့ကြသည့် နည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။ ဆက်လက်၍ မြို့နယ်အားကစားမှူးက အခြေခံ ဘောလုံးသင်တန်း၊  အခြေခံ  Physical Fitness Dances  နှင့် အခြေခံ ကရာတေး သင်တန်း၊ သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား ကိုယ်စားလှယ်များထံ ပေးအပ်သည်။ ယင်းနောက် Physical Fitness Dances  အဖွဲ့နှင့်  ကရာတေးသင်တန်းသား အဖွဲ့ဝင်များက သရုပ်ပြ ကစားကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ပညာရေးဌာနနှင့် ပူးပေါင်း၍ အခြေခံဘောလုံးအားကစားနည်းတွင် သင်တန်းသား ၄၀ ဦး၊ အခြေခံကရာတေး အားကစားနည်းတွင် သင်တန်းသား ၆၀ ဦး၊ Physical Fitness Dances  တွင် သင်တန်းသူ ၂၅ ဦး စုစုပေါင်း ၁၂၅ ဦးကို တစ်လတာ သင်တန်းပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ သင်တန်းဆင်းပွဲ အခမ်းအနားသို့  အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုလတ်နှင့်ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ မြို့နယ်ပညာရေးဌာနနှင့်  ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများနှင့် မိဘများ စုစုပေါင်း ၁၈၅  ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)