မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ဖက်ခင်းများ အထွက်နှုန်းတိုးတက်ရန် လက်ဖက်ကိုင်းဖြတ်နည်း သရုပ်ပြ

မိုင်းလုံ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊  မိုင်းလုံမြို့တွင် လက်ဖက်ခင်းများ အထွက်နှုန်း တိုးတက်စေရန်အတွက် လက်ဖက်ကိုင်းဖြတ်နည်း သရုပ်ပြသခြင်းနှင့် သဘာဝမြေသြဇာ အသုံးပြုနည်းများကို ယနေ့နံနက် ၁ဝ အချိန်ခန့်က ဈေးရပ်ကွက်နေ ခြံရှင် ဦးထွေး၏ လက်ဖက်ခင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်စိုးစိုးအေးက “လက်ဖက်ခြံတစ်ခြံ  အထွက်နှုန်းတိုးရန်၊ အရည်အသွေးကောင်းရန်၊ ခူးဆွတ်နည်းအကြောင်း၊ သဘာဝမြေဆွေး အသုံးပြုနည်း၊ ပျိုးထုတ်ရာတွင် နောက်ချေး မြေကြီး ရောစပ်ပျိုးထုတ်နည်းအကြောင်း၊  လက်ဖက်ကို မိရိုးဖလာနည်းနှင့် သမားရိုးကျစိုက်ပျိုးခြင်း မဟုတ်ဘဲ စိုက်ပျိုးရာတွင် အရည်သွေးကောင်းသည့် သက်တမ်းရင့်အပင်များကို ရွေးချယ်ရန်လိုပြီး မျိုးစေ့အဖြစ်သုံးမည့် အသီးက အရည်အသွေး ကောင်းမှသာ စိုက်သည့်လက်ဖက်ပင်လည်း ရှင်သန်ကြီးထွားမြန်မည် ဖြစ်ကြောင်း” စသည့် လက်ဖက်စိုက်နည်း စနစ်များကို ရှင်းလင်းပြောကြားကာ လက်ဖက်ကိုင်းဖြတ်နည်းများဖြစ်သော မြေပြင်ညီ ကိုင်းဖြတ်နည်းနှင့် အကိုင်းချန် ကိုင်းဖြတ်နည်း များကို လက်တွေ့ သရုပ်ပြသခဲ့သည်။

လက်ဖက်ပင်များကို ဓားဖြင့်ဖြတ်ရာတွင် လက်ဖက်ကိုင်းများကွဲပြီး မိုးရေဝင်ပါက ကိုင်းများပုတ် တက်သောကြောင့် လက်ဖက်ပင်ကို ကိုင်းဖြတ်ကတ်ကြေးဖြင့် စနစ်တကျ ကိုင်းဖြတ်ခြင်းအားဖြင့် လက်ဖက်ပင်အတွက် လေဝင်လေထွက် ကောင်းခြင်း၊ အညွန့်ပိုမိုသန်မာခြင်း၊ ကိုင်းကွဲနည်းပြီး လက်ဖက်ညွန့်များလည်း ပိုမိုထွက်ရှိ၍ စသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားပြီး မိုင်းလုံမြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စိုးစိုးအေးမှ လက်ဖက်ကိုင်းဖြတ်စံပြ စိုက်ခင်းအတွက် (၂၀၀၀၀/-)ကျပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)