ကျောက်ဆည် မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကြီးကျေးရွာ၊ မဟာရွှေသိမ်တော် မြတ်စွာဘုရားဝင်းအတွင်းရှိ ကေသီဦးဓမ္မာရုံ၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ဘုရားကန်တော့ ဖွင့်လှစ်ပြီး မဟနဘဒ္ဒန္တဝါယမ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာရွှေစေတီစာသင်တိုက် ပဓာနနာယက ဘဒ္ဒန္တပညာသာမိက (မဟာဂန္တဝါစကပဏ္ဍိတ)မှ စာအောင်ဆု ချီးမြှင့်မည့် အစီအစဉ်များကို ရှင်းလင်းမိန့်ကြားခဲ့သည်။
ထို့နောက် ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက စာအောင်သံဃာတော်များအား စာအောင်လက်မှတ်များနှင့် စာအောင်ဆုများ ဆက်ကပ်ခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ဩဝါဓာစရိယ ဘဒ္ဒန္တဇနိတာဘိဝံသ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနားယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ပင့်သံဃာဆရာတော်ကြီးများနှင့် စာအောင်သံဃာတော် (၁၅၇)ပါးတို့အား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စက်ရုံ/အလုပ်ရုံများမှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ စေတနာရှင်ပြည်သူများ စုပေါင်း၍ ဆွမ်းဆန်စိမ်းများ၊ လှူဖွယ်ပစ္စည်းများနှင့်အတူ ဝတ္တုငွေများ လောင်းလှူဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)