ဟိုပုံးမြို့နယ်၌ ပထမ(၁၀)နှစ် အင်းလေးကန် ရေဝေရေလဲ ထိန်းသိမ်းရေးစီမံကိန်း၊ (၂၀၂၀-၂၀၂၁ ခုနှစ်မှ ၂၀၂၉-၂၀၃၀ ခုနှစ် အထိ) ဆက်စပ်ဌာနများနှင့် စီမံကိန်းလျာထားစေ့စပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

ဟိုပုံး  ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အင်းလေးကန် ရေဝေရေလဲ ထိန်းသိမ်းရေး စီမံကိန်း၊ (၂၀၂၀-၂၀၂၁ ခုနှစ်မှ ၂၀၂၉-၂၀၃၀ ခုနှစ်အထိ) ပထမ(၁၀)နှစ် ဆက်စပ်ဌာနနှင့် စီမံကိန်းလျာထား စေ့စပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟိုပုံးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအောင်မျိုးခိုင်မှ အင်းလေးကန်၏ ရေဝေရေလဲ ထိန်းသိမ်းရေးစီမံကိန်း ဧရိယာ ၂၁၆၆ စတုရန်းမိုင်ခန့်ရှိပြီး အင်းလေးကန်၏ အဓိက ရေဝရေလဲဒေသများဖြစ်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ရပ်စောက် မြို့နယ်၊ ရွာငံမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင်  အင်းလေးကန်ဒေသ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတစ်ရပ် ဖော်ဆောင်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်အမွေ လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်ရန်၊ ဒေသခံတိုင်းရင်းသားတို့၏ စာပေနှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ ရှေးဟောင်းစေတီ ပုထိုးများနှင့် ရှေိးဟောင်း အဆောက်အအုံများ ထိန်းသိမ်းခြင်းနှင့် စနစ်တကျ ပူးပေါင်းစီမံအုပ်ချုပ်မှု စနစ်ကောင်းတစ်ခု ထူထောင်ရရှိရန်၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ်မြှင့်တင်ရန်၊ အင်းလေးကန်ဒေသ ရေရှည်တည်တံ့ပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် လူစွမ်းအားအရင်းအမြစ် စွမ်းဆောင်ရည် မြင့်မားလာစေရန်၊ အင်းလေးကန်ဒေသ စီမံကိန်း အုပ်ချုပ် လုပ်ကိုင်မှုကို သီးခြားလွတ်လပ် သည့် အုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းဆောင်ရွက်ရန် စသည်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ဆက်စပ်ဌာနဆိုင်ရာများမှ အင်းလေးကန်ဒေသ၏ ရေဝေရေလဲဒေသ ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် ဖြည့်စွက်ဆောက်ရွက်လိုသည့် လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟိုပုံး ခရိုင် (ပြန်/ဆက်)