မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာစီစာကုံးရေးသားနည်းသင်တန်း ဆက်လက် သင်ကြားပို့ချ

မြစ်သား မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာစီစာကုံးရေးသားရာတွင်အခြေခံရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ စာစီစာကုံးရေးသားနည်းသင်တန်း ဆက်လက်သင်ကြားပို့ချခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာမကြီး‌ ဒေါ်စန်းစန်းဝေက ယနေ့စာစီစာကုံးရေးသားရာ ကျောင်း သား၊ ကျောင်းသူများအား သာစွတပေါင်း စာစီစာကုံးခေါင်းစဉ်ဖြင့် တပေါင်းလအကြောင်းကို အ‌တွေး၊ အရေးပြည့်စုံစွာ‌ ရေးသားနိုင်ရန်အတွက် သင်ကြားပို့ချခဲ့သည်။

“အခုလို ဦးစီးဌာနက စိတ်ကူးစိတ်သန်းကောင်းတဲ့ ပညာရပ်များ အခမဲ့သင်ကြားပေးတာ ဝမ်းသာပါတယ်၊ ကလေးတွေက ကျောင်းပိတ်ရက်ဆိုတော့ ဖုန်းတွေကြည့်ပြီး အချိန်ကုန်နေကြတယ်၊ စာစီစာကုံးရေးသားနည်းသင်တန်း တက်ရောက်ခွင့်ရသည့်အတွက် နေ့ထူးနေ့မြတ်၊ အထိမ်းအမှတ်နေ့များတွင် စာစီစာကုံးရေးသားရာတွင်လည်း လိုအပ်သည့် အကြောင်းအရာများကို ပြည့်စုံစွာရေးသားနိုင်မည်‌” လို့ သင်တန်းတက်ရောက်သည့် မောင်သီဟဇေကျော်၏ အဒေါ် ဒေါ်နှင်းနှင်းလှိုင်က ပြောပြသည်။

အ‌ဆိုပါစာစီစာကုံးရေးနည်းသင်တန်းကို မြစ်သားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၆ ဦး တို့ တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။ 

ဝါဝါမြင့် (မြစ်သား)