ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်း

ကော့သောင်း ဇန်နဝါရီ ၁၂

ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ် ခန့်အပ်နိုင်ရေး ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

လက်ရှိရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းမှာ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်တွင်နေ့တွင် ကုန်ဆုံးမည်ဖြစ်ရာ အုပ်ချုပ်ရေးမှူးအသစ်များ ၂၀၂၁ ခုနှစ် ဧပြီလ တစ်ရက် နေ့တွင် ပြန်လည်ရွေးချယ်ခန့်အပ် တာဝန်ထမ်းဆောင်နိုင်ရန် ရပ်/ကျေး အုပ်ချုပ်ရေးမှူး များ ပြန်လည်ရွေးချယ်ရာတွင် အဆင်ပြေချောမွေ့စွာ လုပ်ငန်းများပြီးစီးနိုင်ရေး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေအပိုဒ် ၄၊ အပိုဒ်ခွဲ(ခ)အရ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ (၅) ဖွဲ့အား ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းမှ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်းဖြစ်သည်။

ကော့သောင်းမြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၉) အုပ်စုရှိပြီး ကော့သောင်းမြို့နယ်အတွင်းရှိ ခမောက်ကြီးမြို့ တွင် ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၆) အုပ်စုရှိရာ လာမည့်အစိုးရသစ်ကာလအတွင်း ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများတွင် ပြန်လည် တာဝန်ထမ်းဆောင်မည့် အုပ်ချုပ်ရေးမှူးအသစ်များအား ပြည်သူများက ရွေးချယ်ရာတွင် တာဝန်ယူလို့စိတ်ဖြင့် အခွင့်အရေးကိုမကြည့်ဘဲ ရပ်ရွာအကျိုးကို ရှေ့ရှုဆောင်ရွက်နိုင်မည့် ရပ်ရွာအတွက် အမှန်တကယ်အကျိုးရှိမည့်သူများအား မှန်ကန်စွာရွေးချယ်ခန့်ထားနိုင်ရေး  မိမိတို့ တာဝန်ကျရာ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ရွေးချယ်မှု လုပ်ငန်းစဉ်များတွင် လွတ်လပ် ပွင့်လင်းမြင်သာမှုရှိကာ တရားမျှတမှုရှိစေရန် ဘက်လိုက်မှုမရှိ ကြီးကြပ်ဆောင်ရွက်ပေး သွားကြမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)