ကျောင်းကုန်း မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းအုပ်စု၊ ကြိုးကြာကွင်းကျေးရွာ အခြေခံပညာမူလတန်း(၁)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို မတ် ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဆန်းချစ်၊ ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ထို့နောက် "ဝေဟင်မြင့်မိုရ်" ကုမ္ပဏီမှ ကျောင်းဆောင်သစ်နှင့်ပတ်သက်သော စာရွက်စာတမ်း လွှဲပြောင်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ အဆိုပါကျောင်းဆောင်သစ်သည် အလျား ၉၀ ပေ၊ အနံ ၃၀ ပေ၊ RC (၁)ထပ်ဖြစ်ပြီး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း(၂၂၉.၀)ဖြင့် "ဝေဟင်မြင့်မိုရ်" ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)